Loading...

Sunday, March 30, 2008

အရင်အတိုင်း ရန်ကုန် - ‘Yangon as usual’ from AD 3000 by Big Bag

ငါ့အခန်းလေးထဲမှာ အလင်းတန်းများ ပျောက်ကွယ်…
ကြာလာရင် အမှောင်နဲ့ နေသားကျတော့မယ်…
ငါ့အခန်းထဲကနေ အပြင်ကိုထွက်…
ရန်ကုန်မြို့ကြီးလည်း ငါ့အတိုင်းပဲ…

ငါ အတ္တကို အိတ်နဲ့ ထုပ်လိုက်တယ်…
လူမမြင်အောင် ယူကာအမှိုက်ပုံးလေးထဲထည့်…
ကွဲသွားတဲ့ ငါ့ရင်ခုန်သံတွေပြန့်ကျဲ…
ရန်ကုန်မြို့ကြီးလည်း ဒီအတိုင်းပဲ…

ငါ အချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်…
တမင်တကာ ကာရံထား ဒီတံတိုင်းများခြားရင်းနဲ့…
ဘ၀ရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ…
ရန်ကုန်မြို့ကြီးလည်း နာဖျားဆဲ…

ငါ အချိန်တွေ ဖြုန်းတီးပစ်ခဲ့တယ်…
အိမ်အပြင်မှာ လုံခြုံလည်း အိမ်ထဲက နှင်းကျတယ်…
ဘ၀ရဲ့ ထွက်ပေါက် အဖြေမှန်ကို ရှာဆဲပဲ…
ရန်ကုန်မြို့ကြီးလည်း အရင်အတိုင်းပဲ…

လူတိုင်းက မင်းကို ချစ်တော့ချစ်ကြမယ်…
ပြန်အဆင်ပြေမှာပါ စိတ်မကောင်းမဖြစ်နဲ့ကွယ်…
မင်းအပြစ်မဟုတ်ခဲ့တာ ငါ… တို့… နား… လည်….
ရန်ကုန်မြို့ကြီးရယ် မငိုလိုက်နဲ့။



သူငယ်ချင်း မြတ်မင်းဟန်က ဒီ Album ထဲကပဲ “မဆိုင်သလိုပဲ (၂)” ဆိုတဲ့ သီချင်းလေးနဲ့ ပတ်သက်ပြီး အံလွဲနေတာလေး တစ်ခု ကို သူ့ Blog မှာ ထောက်ပြထားပါတယ်။ ကျွန်တော်ကတော့ အဓိပ္ပါယ်လေးနက်တဲ့ “အရင်အတိုင်း ရန်ကုန်” ဆိုတဲ့ ဒီသီချင်းလေးကို အရမ်းကြိုက်မိပါတယ်။


Read More...

သီချင်း Download လုပ်ချင်လား။

လိုအပ်တဲ့ Software တွေက-

၁။ Safari Web Browser
၂။ FLVExtract

ကိုယ် download လုပ်ချင်တဲ့ သီချင်းကို YouTube မှာ Safari Browser သုံးပြီး ရှာပါ။


Safari မှာ အရမ်းကောင်းတဲ့ Tool တစ်ခုပါပါတယ်။ အဲ့တာကတော့ Activity လို့ခေါ်တဲ့ Tool ပါ။ သီချင်း Buffer ဆွဲနေတဲ့ အချိန် (အနီတန်းလေး ပေါ်နေတုန်း) မှာ Activity Tool ကို ခေါ်ပါ။ Shortcut က Ctrl+Alt+A ပါ။


ပြီးရင် Activity Tool မှာ MB နဲ့ချီပြီးရှိနေတဲ့ File တစ်ခုကို Safari က download လုပ်နေတာတွေ့မယ် ဆိုရင် အဲ့ဒီ List Item ကို double-click နှိပ်လိုက်။


နောက် Safari Browser Instance တစ်ခုတပ်လာပြီး URL ကို သူ့ဟာသူ ဖတ်ပြီးတဲ့အချိန်မှာ FLV ကို စ download လုပ်ပါလိမ့်မယ်။


Download ဆိုတဲ့ Box မှာ တက်နေတဲ့ Progress Bar အပြာလေး ပြည့်ပြီဆို Download လုပ်လို့ ပြီးပြီပေါ့။


Desktop ပေါ်မှာ flv ဆိုတဲ့ File လေးပေါ်လာလိမ့်မယ်။ Video အနေနဲ့ ကြည့်ချင်တယ် ဆိုရင်တော့ gomplayer.com ကနေ GOM Player ကို သုံးရင် FLV File အမျိုးအစားကို ဖွင့်ပေးနိုင်တယ်။

အမှန်တော့ FLV ဆိုတဲ့ File အမျိုးအစားဟာ အသံဖိုင်တမျိုးနဲ့ ရုပ်ဖိုင်တမျိုးမျိုးကို တွဲပြီး စေ့ပေးထားတဲ့ အခွံလေးပါ။ အဲ့ဒီတော့ အဲ့ဒီ အခွံလေးကို ခွာဖို့ ဒုတိယ Application ဖြစ်တဲ့ FLVExtract သုံးရပါမယ်။


အခုနက download လုပ်ထားတဲ့ FLV လေးကို အဲ့ဒီ FLVExtract ဆိုတဲ့ File ပေါ်ဆွဲတင်လိုက်ရုံနဲ့ အခွံလေးကွာသွားပါလိမ့်မယ်။ အယ်… ဒါပေမယ့် ပုံထဲမှာ တွေ့တဲ့အတိုင်း Video/Timecodes/Audio ဆိုပြီး ရှိပါတယ်။ (Video က အသံမပါတဲ့ ရုပ် File သက်သက်ပါ။) Audio ကို ရွေးပြီး FLV ဖိုင်ကို drag ဆွဲတင်လိုက်ရင် FLV က ငုံထားတဲ့ အသံဖိုင်လေး ထွက်လာပါလိမ့်မယ်။ MP3 အပြင် တခြား File Type တွေလည်း ဖြစ်နိုင်ပါတယ်။

*** YouTube တင်မကပါဘူး။ Safari က တခြား Buffer နဲ့ အလုပ်လုပ်တဲ့ သီချင်းတွေ ရုပ်ရှင်တွေကိုလည်း download လုပ်နိုင်ပါတယ်။

Read More...

Tuesday, March 25, 2008

လူတွေအကြောင်း (၆)

လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က လူတွေအကြောင်း (၃) မှာ ကျွန်တော် ဆရာဝန်တစ်ယောက် အကြောင်း ပြောပြခဲ့ပါတယ်။ အဲ့ဒါ ကျွန်တော့် ဦးလေးပါ။

ဘာလို့လဲတော့ မသိဘူး။ ငယ်ငယ်တုန်းက သူကျွန်တော့်ကို ပြောပြောနေခဲ့တဲ့ စကားတွေ ကျွန်တော် တော်တော်နဲ့ မမေ့ဘူး။ သူပြောတာကလည်း အထူးအဆန်းလေးတွေ ဖြစ်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း မှတ်မှတ်သားသား နားထောင်မိနေတာမျိုး ထင်ပါတယ်။


သူပြောတာ တစ်ခုဆိုရင် သူ့ဘ၀မှာ ပထမဆုံး Digital နာရီ စပတ်ခွင့် ရခဲ့တုန်းက သူ့နာရီလေးသွားနေတာကို သူ သုံးနာရီတိတိ ထိုင်ကြည့်နေခဲ့ဖူးသတဲ့။ =)

အယ်… နောက်တစ်ခုကတော့ ဆေးဘက်ဆိုင်ရာ ပါ။ သူပြောတဲ့ စကားအတိုင်း ပြန်ပြောရမယ်ဆိုရင်-

“မင်း အမြဲတမ်း သိနေတဲ့ ကိစ္စတစ်ခုကို… တစ်ယောက်ယောက်က မေးလာလို့ ပါးစပ်ဖျားလေးတင် မေ့နေတယ် ဆိုရင်... ဒေါသမထွက်နဲ့။

မင်း မေ့မေ့ပျောက်ပျောက် ထားလိုက်ပေမယ့်… နောက်တစ်နေ့ မင်းရေချိုးနေရင်း ရုတ်တရက် သတိပြန်ရချင် ရလာလိမ့်မယ်။ မင်းကသာ မစဉ်းစားတော့တာ။ ဦးနှောက်က သူလက်ခံထားတဲ့ အလုပ်ကို ပြီးအောင် လုပ်ပေးလိုက်တဲ့ သဘောပဲ”
တဲ့။

ကျွန်တော်တို့ ကြုံဖူးမှာပါနော်။

Read More...

Saturday, March 15, 2008

Change - A problem

ရန်ကုန်မှာတုန်းက အဖေ့မိတ်ဆွေတစ်ယောက် သူ့ Laptop အဆင်မပြေလို့ ကျွန်တော် သွားကြည့်ပေးတယ်လေ။ ကြည့်ပြီး ပြန်လာတော့ (ပြင်လို့မရတော့လည်း ကြည့်ပြီး ပြန်လာရတာပေါ့လေ။) နေ့လည် ၁ နာရီကျော်နေပြီ။ အိမ်က ထွက်လာတာလည်း မနက် ၁၀နာရီခွဲလောက်က ဆိုတော့ စားချိန်တန်ပြီပေါ့။

ဒါနဲ့ အိမ်မပြန်ခင် လမ်းမှာ မုန့်ဝယ်စားမယ်ဆိုပြီး မကြီးမသေး လမ်းဘေးမုန့်ဆိုင်လေးရှေ့ ရပ်လိုက်တယ်။ အိမ်ပြန်ရောက်ရင်လည်း ထမင်းစားရမှာဆိုတော့ သိပ်အများကြီးလည်း မစားချင်တာနဲ့ အာလူးကြော် အထုပ်ခပ်သေးသေးလေးကို ဆွဲဖြုတ်လိုက်တယ်။ နောက်ပြီး ဈေးရောင်းသူကို ဘယ်လောက်လဲ ဆိုတော့

အမျိုးသမီး။ ။ (လေသံခပ်ပြတ်ပြတ်ဖြင့်) “၁၀၀။ ၁၀၀ တန်ပဲ ပေးပါ။”

ကိုယ့်အိတ်ထဲကြည့်တော့ ၁၀၀၀ တန်တွေကြီးပဲ။ ၅၀၀ တန်တောင် မရှိဘူး။ အင်း... ခက်ပြီ။

ကျွန်တော်။ ။ “ကျွန်တော့်မှာ ၁၀၀ တန် မရှိလို့”
အမျိုးသမီး။ ။ “၂၀၀ တန် ပေး”

ကျွန်တော်လည်း အိတ်ကို သူ့ဘက်ကို ပြလိုက်တယ်။

ကျွန်တော်။ ။ “ကျွန်တော့်မှာ တကယ်မရှိလို့ပါ။”
အမျိုးသမီး။ ။ “အစောကြီးထဲက ဘာလို့ မမေးမစမ်းပဲ ဖြုတ်ရတာလဲ။” (ဈေးသည်တစ်ယောက်အနေနဲ့ ဆိုရင်တော့ အတော်ရင့်သီးတဲ့ စကားပါ။)

ကျွန်တော်။ ။ “ကျွန်တော် ဘာလုပ်ပေးရမလဲ။”
အမျိုးသမီး။ ။ “တစ်ရာတန် ရအောင်ရှာ။”

ကျွန်တော် အဲ့ဒီအာလူးကြော်ထုပ်ကို သကြားလုံးဘူးလေးတစ်ခုပေါ် တင်ထားပြီး လှည့်ထွက်လာခဲ့ပါတော့တယ်။ ဒါတောင် အဲ့ဒီအမျိုးသမီးက ဘာတွေ ဆက်ပြောနေမှန်းမသိပါဘူးဗျာ။ ကျွန်တော် စိတ်တော်တော် ပျက်သွားမိတယ်။

Read More...