Loading...

Sunday, November 08, 2009

BEHS 5 Botahtaung

မင်္ဂလာပါ... ဆရာမ...။ ကျေးဇူးတင်ပါတယ်... ဆရာမ...။
မြန်မာနိုင်ငံရဲ့ အခြေခံပညာကျောင်းတွေမှာ ကြားရလေ့ရှိတဲ့... Formality အရ လုပ်တဲ့ အူကြောင်ကြားနိုင်ပြီး ချစ်ဖို့ကောင်းတဲ့ ဓလေ့လေးတစ်ခုပါ။ အူကြောင်ကြားနိုင်တယ်ဆိုတာက ၁၀ တန်းအရွယ်အထိ အဲ့လို ဆွဲဆွဲငင်ငင်နဲ့ မူလတန်းကျောင်းသားကျောင်းသူတွေရဲ့ အသံနေအထားအတိုင်းပဲ ဆိုနေကြခဲ့လို့ပါ။

အခုရက်ပိုင်းဖြစ်နေတဲ့ ဆန္ဒအရတော့ ကိုယ်တက်ခဲ့တဲ့ စာသင်ခန်းထဲမှာ ဝိဋာဉ်တစ်ကောင်လို ဝင်ထိုင်ပြီး ဆရာမစာခေါ်တာကို လိုက်ရေးချင်နေတယ်။ ကျောင်းဆင်းကျောင်းတက်ချိန်တွေဟာ ပျော်ဖို့အရမ်းကောင်းပါတယ်။ တစ်မျိုးဆီ နည်းနည်းသောင်းကျန်းတတ်ကြတဲ့ ကျွန်တော်ရယ်၊ သူငယ်ချင်းတွေရယ်ဟာ ဆရာမတွေရဲ့ ဂရုစိုက်မှုကိုလည်း ရံဖန်ရံခါ လိုတာထက်ပို ရတတ်ကြပါတယ်။ :P

ကျောင်းကပုံလေးတွေ တင်ချင်တယ်။ ကျွန်တော် ၁၁ နှစ်ဖြတ်သန်းခဲ့တဲ့ တိုက်ကျောင်း (မနာလိုသူတွေကတော့ ထောင်ကျောင်းတဲ့။ မနာလိုတာကလည်း ဟိုအပျိုကြီး၊ လူပျိုကြီးကျောင်းတွေပါ။ :D) ဗိုလ်တထောင်(၅)ကို နည်းနည်းလောက် ခံစားကြည့်ပေးပါ။

ဒီပုံကတော့ ကျောင်းကို သတင်းနဲ့ စာနယ်ဇင်းလုပ်ငန်း အဆောက်အဦဘက် လူသွားစင်္ကြန်ကနေ ရိုက်ထားတဲ့ ပုံပါ။ (ကျွန်တော်ရိုက်ထားတာတော့ ဟုတ်ဖူး။)

ဒီပုံရဲ့ အဆုံးက စာသင်ခန်း နံပါတ် (၁၆)။ Level 3 မှာ ရှိတဲ့ ဒီအခန်းကို ရတဲ့ ကျောင်းသားတိုင်းတော့ အရမ်းကြိုက်ကြမယ် ထင်ပါတယ်။ (ကျောင်းသူတွေတော့ မသိ။) မြင်နေရတဲ့ ကော်ရစ်ဒါဟာ ဘယ်ဘက်ကို L Shape ဆက်ထွက်သွားမှ တခြားအခန်းတွေကို ရောက်ပါတယ်။ အခုမြင်နေရတဲ့ ကော်ရစ်ဒါအခြမ်းမှာ အခန်း ၁၆ ရယ်၊ Multimedia Room ရယ်။ မမြင်ရတဲ့ ထောင့်ချိုး ကော်ရစ်ဒါပေါ်မှာတော့ ကျောင်းအုပ်ဆရာကြီး ရုံးခန်းရှိတယ်။ တခြားစာသင်ခန်းတွေက L Shape ရဲ့ အဆုံး အပြင်မှာပါ။ အဲ့ဒီတော့ အခန်း ၁၆ က သီးသန့်လေး ဖြစ်နေတယ်။ ကော်ရစ်ဒါကြီး တစ်ခုလုံးကို ပိုင်သလိုဖြစ်နေတယ်။ ပဉ္စမတန်း၊ ဆဌမတန်း နဲ့ နဝမတန်းတွေကို အဲ့ဒီအတန်းမှာ တက်ခွင့်ရခဲ့တယ်။


Level 2 လှေကားနေရပါ။ မြင်နေရတဲ့ လူသွားလမ်းကျဉ်းလေးက အခန်း ၄ ခန်းမှာ ၂ ခန်းဆီကို ကန့်ထားပါတယ်။ ကျွန်တော်တို့ တက်ခဲ့တာတော့ အဌမတန်းမှာပါ။ A, B, C, D လေးခန်းပေါ့။ လမ်းအတိုင်းသွားရင် ပထမဆုံး ညာဘက်က A။ ဒုတိယအခန်းက B။ ဘက်ဘက် ပထမအခန်း (တံခါးပေါက်မြင်နေရတဲ့ အခန်း)က C။ ဒုတိယအခန်းက D။ ကင်မရာရိုက်နေတဲ့ နေရာရဲ့ ဘယ်ဘက်က ဆရာ၊ ဆရာမများ နားနေခန်းပါ။ (ကျောင်းဆင်းချိန်မှာ ကျောင်းသားလေးတွေ ခုန်ဆွခုန်ဆွ လုပ်နေတာ ရိုက်ခွင့်ရလိုက်ပါတယ်။)

ဒါကတော့ Level 1။ ဟောခန်း။ ညာဘက်အပေါ်မှာတွေ့ရတာ ဘုရားစင်ပါ။ ဘုရားစင်ရဲ့ ဘေးက နံရံအဖြူနဲ့ အခန်းကျဉ်းလေးက ဆရာကြီးရုံးခန်းပါ။ (ဒီဟာက Primary ရုံးခန်း ထင်ပါတယ်။ အခန်း ၁၆ ရဲ့ ဘေးမှာလည်း ရိပ်ခနဲ ရိပ်ခနဲတော့ တခါတလေ တွေ့တတ်တယ်။) ကျောင်းလာကြိုနေတဲ့ မိဘတွေကို တံခါးဝမှာ တွေ့နိုင်ပါတယ်။

ဒီဓာတ်ပုံတွေရိုက်ခွင့်ပေးခဲ့တဲ့ ဆရာမ ဒေါ်သန်းသန်းငြိမ်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က မိုးအေးနေလို့ အပေါ်က ကုတ်အင်္ကျီဝတ်ပြီး ကုတ်ကုတ်ကုတ်ကုတ်နဲ့ ကျောင်းထဲဝင်တော့ ၄၅ လမ်းဘက်အခြမ်း တံခါးဝစောင့်နေတဲ့ ဆရာမက ကျွန်တော့်ကို မသင်္ကာလို့ တားပြီး မေးပါတယ်။ ကျွန်တော်လည်း ကျောင်းသားဟောင်းဖြစ်ကြောင်း ပြောပါတယ်။ ဆရာမက ကျောင်းဆင်းတော့မှာ ဖြစ်ကြောင်း၊ ဆရာကြီး မမြင်စေလိုကြောင်း ပြောပါတယ်။ ကျွန်တော် နည်းနည်းတော့ ဝမ်းနည်းသွားပါတယ်။ ရှိပါစေတော့။ လုပ်ချင်တာတော့ လုပ်ခွင့်ရခဲ့ပါတယ်။ :D


1 remarks:

Harry said...

မင်င်င်င်ဂါပါခြာမ... ကျေးးးဇူးးးးတင်ပါတယ် ခြာမ... =P
ကျနော်လဲ ကျောင်းသားဘဝကို လွမ်းမိသား။ ဒီတစ်ခေါက်ပြန်တုန်းက မရောက်ခဲ့တဲ့နေရာတွေ ပြန်တွေးကြည့်မှ ပိုပိုများလာတယ်။

Post a Comment